ကျနော်တို့ ဗမာပြည်ရဲ့အားအကြီးဆုံး ဒီမိုကရေစီ အင်အားစု နောက်ခံ အင်အားသည် ကာယ လုပ်သား ၊ စက်မှု လုပ်သား ၊ သာမန် ပြည်သူ လူထုသာ ဖြစ်ပါသည် ဆိုတာကို တော့ပြော နေစရာ မလိုအောင် လူတိုင်းသိပါတယ် ။ ထိုအကြောင်းအရာ ကိုပဲ တင်ပြ ဆွေးနွေး ချင်တာပါ ကျနော်တို့ မှာ ဘာတွေလို အပ်နေပြီလည်း ကျနော်တို့ လူထု ပြည်သူမှာ ဘာတွေ လိုအပ်နေလို့ ခုချိန်ထိ အနှစ် ၂၀ ကျော် ကြာပြီး ပန်တိုင်းကို မရောက်ပဲ နစ်မွန်း နေကြ သလည်း
ကျနော်တို့ လူထုပြည်သူမှာ ရှင်းရှင်း ပြောရရင် ပညာအရင်း မခံဘူး စိတ်ဓါတ် တစ်ခုသာရှိတယ် ၊ ထိုပညာ အရင်းမခံတဲ့ လူထု ပြည်သူရဲ့ ဆုံးဖြတ်ချက် နှင့် ထိုလူထုပြည်သူရဲ့ ယူဆချက်တွေဟာ အကြွင်းမဲ့ မှန်ကန်နိုင်ပါ့ မလားဆိုတာ ကိုကျနော်တို့ စဉ်းစားခဲ့ကြပါလား။ ပညာကိုဗဟိုမပြုသော
ယူဆချက်မှန်သမျှကတော့ နှလုံးသားမှ လာပါသည်။ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးစုတိုင်းကို တိုးတက် ကြီးပွားလိုသူ မှန်သမျှ တိုင်းပြည်ကို ချစ်သော စိတ်အခံ တစ်ခုထဲနှင့်တော့ တည်ဆောက်၍ မရပါ။နှလုံးသားနဲ့ ချစ်ပြ စကားလေးနှင့်ချစ်ပြ၍ တိုးတက် ကြီးပွားသော နိုင်ငံတစ်ခု ဖြစ်မလာပါ။
အသိပညာသည် ဆင်ခြင်မှုကို ပြည့်ဝစွာ ပေးစွမ်းနိုင်ပါသည်။ အသိပညာနှင့်အမျှ ဘဝ အဝန်းအဝိုင်းသည်လည်း အကျဉ်းအကျယ် ရှိနေသည်။ဆက်စပ် တွေးခေါ်စွမ်းသော အသိပညာ မရှိသည့် အခါ တစ်ကိုယ်ကောင်း စိတ်ဓါတ်ဖြင့် ရှင်သန်ရင်း မိမိကိုယ်ကိုလည်း အကျိုးမရှိ မိမိ ပတ်ဝန်းကျင် အဝန်းအဝိုင်းကိုပါမသိမသာ တစ်ခါတစ်လေ သိသိသာသာဖျက်ဆီး မိသလိုရှိနေပါလိမ့်မည်။ထိုကဲ့သို့ သော အင်အားစုမျိုးကို အခြေခံသော အားသည် အဃတများ ၊ပညာမဲ့မှုများနှင့် သာရှိပါမည်။ တိုင်းပြည် အတွက် အကောင်းဆုံးတော့ ဖြစ်လာမည် မဟုတ်ပေ။ ထို့တူ အသိပညာ ၊ အတတ်ပညာ သည် လူထုပြည်သူနှင့် ကင်းကွာရန်မသင့်သော အလင်းရောင် တစ်ခု ဖြစ်သည့် အလျှောက် အသိပညာ ၊ အတတ်ပညာကို လူထု ပြည်သူ့ လက်တွင်းသို့ ထည့်အပ် ရန်မှာလည်း ခေါင်းဆောင်း တိုင်းရဲ့ မပြုမဖြစ် ပြုရမည့် တာဝန် ဖြစ်သည်။
တိုင်းပြည်ရှိ ပြည်သူလူထု၏ ဥာဏ်ပညာ ပိတ်နေသမျှ တိုင်းပြည်၏ ဘာသာရေး အပါအဝင် နိုင်ငံရေး ၊စီးပွားရေး ၊ လူမှုရေး မှန်သမျှလည်း အမှား ဆီသို့သာ ဦးတည်ရန်သာရှိပေတော့မည်။ဥပမာ တစ်ခုအနေနှင့် တင်ပြရမည် ဆိုလျှင် ယနေ့ ဗမာ ဗုဒ္ဓဘာသာ လူ့အဖွဲ့စည်းတွင် ရိုးရာ နတ်ကိုးကွယ် မှုများ ၊ ဘိုးတော် ၊ မယ်တော်များ အားပူဇော်ပသ နေကြခြင်းများသည် ဘာသာရေး အသိပညာ နည်းပါးမှုကို ဗဟိုပြုရင်း မပြုသင့် မပြုထိုက်သော မဖြစ်သင့် မဖြစ်ထိုက်သော အလေ့အထများ ဆီသို့ ဦးတည် ခေါ်ဆောင် သွားခြင်းပင် ဖြစ်သည်။ ထိုသို့ ဆိုလျှင် လူထု လက်ခံကျင့်သုံးသည် ဆိုသည့်တိုင် ပညာဖြင့် မယှဉ်သော ထိုယုံကြည်မှု တို့ကို ပညာဖြင့် ယှဉ်ထားသော ဗုဒ္ဓ၏ ဝိနည်း ပိဋကတ်တော်တို့  ထက်ပို၍ ယုံကြည်အားကိုးနေရန် အကြောင်းမရှိပါ။
ထို့ ကြောင့်ပင် ယနေ့ တိုင်းပြည်၏ လိုအပ်ချက် အရပ်ရပ် အရ ပညာပါဝါကို ဝိုင်းဝန်း တည်ဆောက် ကြရန် လိုအပ်ပေသည်။ ယနေ့ အခြေအနေကို ကျနော်တို့ ခေါင်းဆောင်တွေ အသေအချာ ပြန်လည် သုံးသပ်ပြီး ကျနော်တို့ ပြည်သူလူထု၏ အင်အားကို အရောင် မရှိသော ပညာပါဝါကိုဖြည့်ဆည်း ဝိုင်းဝန်း ဖော်ဆောင် သင့်သည်။ထို့အတူ ယနေ့ ခေတ်လူငယ်များအား ပြောချင်သည်မှာ မိမိတိုင်းပြည် အရေးကို မိမိတတ်တဲ့ အသိပညာ၊ အတတ်ပညာ တွေနှင့် အတူ တိုးတက်တဲ့ တိုင်းပြည်ကြီး အဖြစ် ဝိုင်းဝန်း တည်ဆောက် စေချင်ပါသည်။ ကျနော်တို့ အားလုံး အကြောက်တရား တွေကိုတော့ နှလုံးသားထဲ ၊စိတ်ထဲကနေ မောင်းထုတ် ပစ်ရမည်။ပြည်သူလူထု လက်ထဲကို အသိပညာ ၊အတတ်ပညာ မိမိရဲ့ စွမ်းဆောင်နိုင်စွမ်းသမျှ အင်အားကို အသုံးချပြီး မျှဝေသင့်သည်။
ယနေ့ တိုင်းပြည်၏ ထွက်ပေါက်သည် နိုင်ငံရေး ဟူသည့် တစ်ပေါက်ထဲသော ထွက်ပေါက် မဟုတ်၊ စီးပွားရေးနှင့် ပညာရေး ပြတင်းတံခါး များကိုလည်း ကျယ်ကျယ်ဖွင့်လှစ်ထားနိုင်ဖို့ လိုအပ်သည်ဟု ယုံကြည် မိသည်။ စီးပွားရေးသည်လည်း မျှော်မှန်းသော ပန်းတိုင်ဆီသို့ မရောက် တတ်သည့် သဘောလည်း ရှိနေပြန်သည်။ သို့နှင့်တိုင် ထို စီးပွားရေးနှင့် ပညာရေး တို့သည်လည်း ဆက်စပ် နေသည့် အတွက် ထိုသဘောကို ကျော်လွှားရန်လည်း ရှိနေပေသည်။
ဤမျှ နားလည်ရန် ခက်ခဲသော အနုစိတ်သော သဘော တရားများကို ရည်မှန်းချက် ပန်းတိုင်ဆီသို့ ရောက်အောင် စမ်းတဝါး သွားနေ၍ မဖြစ်နိုင်မှန်း သိသင့်ပေသည်။အမှန်သည် အမှားကိုထူတွဲ ရင်း အမှားသည် အမှန်ကို ထောက်မှီကာ အသိပညာ ၊ အတတ်ပညာ တို့ဖြင့် ကူးလူးကြဖို့ လိုအပ်သည်။သို့ မှသာ ကျနော်တို့ အနာဂတ်သည် ကောင်းသော ဖြစ်ပေါ်မှုတို့နှင့် အတူ စီးပွားရေးမှသည် ဒီမိုကရေစီသို့ သို့တည်းမဟုတ် ပညာရေးမှသည် ဒီမိုကရေစီ ဆီသို့ ထိုနှစ်ခု စလုံး ဖွံ့ဖြိုးရေးမှသည် ဒီမိုကရေစီ ရေးဆီသို့ ဆက်လက် ကူးနိုင် ဖို့သာ ရှိသည်။
ကျနော် တို့သည် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့ကြသည့်တိုင် မျောက်လက်ထဲမှ အုန်းသီးကဲ့သို့ အသုံးမတည့် ခဲ့ကြပါ။ ထို အမှား များကြောင့်ပင် ဆိုရှယ်လစ် စနစ်ဆီသို့ ရောက်ခဲ့ကြရသည်။ ထိုအခြင်းအရာ၏ ဇစ်မြစ်သည် ခါးသီးစရာ ကောင်းလှသည့် လူမျိုးရေး ခံယူချက်များ ၊တူးတူးခါးခါး နိုင်လှသည့် ဝါဒရေးရာ ရပ်တည်ချက်များ ၊ ဘာသာရေးရာ ပြန့်ပွားလိုမှုများ စသော အကြောင်းအရာရာ အမျိုးမျိုး တို့ကြောင့်လည်း ဖြစ်သည်။ ထိုအချိန်တွင် တိုင်းပြည်မှာ အသံများလို့ ဖားသေခဲ့ခြင်းပေသည်။
နောက်လာမည့် လူ့အဖွဲ့အစည်းမှာ ကျနော်တို့ လွတ်တော်ကို ဝမ်းမြောက်စွာတွေ့ မြင်ချင်ပါသည်။ ထိုလွှတ်တော် တွင်းသို့ တက်ရောက် ကြသူများမှာလည်း အနာဂတ်ရဲ့ အသိပညာ ၊အတတ်ပညာ ပြည့်ဝသော ပြည်သူ လူထုကြီးရဲ့ ဌာနေ အသီးသီးမှ ရွေးချယ် တင်မြှောက် လိုက်ကြသည့် အသိပညာ ၊ အတတ်ပညာ ကြွယ်ဝသော ခေါင်းဆောင်းများ ဖြစ်ရမည်။ အကယ်၍များ ထိုအမတ်များသည် တိုင်းပြည်ကို နောက်လန် ကျအောင် လုပ်ခဲ့လျှင်လည်း ကျနော်တို့ ရဲ့ အသိပညာ ၊ အတတ်ပညာ ကြွယ်ဝနေပြီးဖြစ်သော ပြည်သူ လူထုက လက်ခံ ကြတော့မည် မဟုတ်ပေ။
ကျနော်တို့  အချိန်တွေ အများကြီးရခဲ့ပါသည်။ဒါပေမဲ့ အယူဝါဒစွဲ ၊ ပုဂ္ဂိုလ်စွဲ တွေ အဃတ တရားတွေ များပြီး မိမိတို့ရဲ့ ပြည်သူဆီကို အသိပညာ ၊ အတတ်ပညာ တိုးတက်မှု ရှိအောင် စွမ်းဆောင်ဖို့ ကျနော်တို့  ခေါင်းဆောင်တွေ သတိများ မေ့ခဲ့ကြလား ဆိုတဲ့ အချက်ဟာ သတိထားစရာပါ။သူ့ အယူ ၊ ကိုယ့်အယူ ၊မည်သည့် အယူ ဝါဒသော်၎င်း မည်သည့် ဘာသာရေး တရား ပဲဖြစ်နေပါစေ ပညာနှင့် ယှဉ်ပြီး ဘေးချင်းယှဉ် ထားနိုင်ခွင့် ပြုရေးသည် အလွန် အရေးကြီးသော သဘောထား တစ်ရပ်ဖြစ်သလို လူတိုင်းလူတိုင်း ကျင့်သုံး သင့်သော သုစရိုက် သာဖြစ်ပါသည်။ မိမိရဲ့ နောက်ခံ ပြည်သူလူထု ရဲ့ ပါဝါကို မြှင့်တင်နိုင်မှသာကျနော်တို့ ရဲ့ လိုချင်တဲ့ ပန်းတိုင်ကို ပြည်သူ လူထုနှင့် အတူ နိုင်ငံတော်သစ်ကို တည်ဆောက် နိုင်ပါမည်။
ဆောင်းပါးရှင်-မင်းမော်စိုး
0 comments:
Post a Comment